သီတဂူကျောင်းသားဖိုရမ်သည် ရပ်ဝေးမြေခြား သီတဂူကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)



 
HomeHome  GalleryGallery  FAQFAQ  PublicationsPublications  CalendarCalendar  SearchSearch  MemberlistMemberlist  UsergroupsUsergroups  RegisterRegister  Log inLog in  

Share | 
 

 ဒုတိယသင်္ဂါယနာဖြစ်ပေါ်လာသော ၀ဇ္ဇီပုတ္တကရဟန်းတော်များအရှုပ်တော်ပုံ

Go down 
AuthorMessage
sitagustudent



Posts : 6
Join date : 2018-07-27

PostSubject: ဒုတိယသင်္ဂါယနာဖြစ်ပေါ်လာသော ၀ဇ္ဇီပုတ္တကရဟန်းတော်များအရှုပ်တော်ပုံ   Wed Sep 19, 2018 7:23 am

ဝဇ္ဇီပုတ္တကဟူသောအမည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏အမည်မဟုတ် အစုအဖွဲ့၏အမည်ဖြစ် သည်။ အစုအဖွဲ့သည်လည်း တစ်ခေတ်တစ်ချိန်တည်းမဟုတ်၊ ခေတ်ဆက်ဆက်မှာ ပေါ်ထွန်းလာတတ် သည့် အစုအဖွဲ့များ၏ ဘုံဆိုင်အမည်ဖြစ်သည်။ ၀ဇ္ဇီမျိုးနွယ်က ဖွားမြင်လာသူမှန်လျှင် ဤအမည်ကို ခံယူခွင့် ရနိုင်ကြပေသည်။ သို့သော် ကောင်းသောအမည်မဟုတ်၊ ၀ဇ္ဇီဟူသည် ရှောင်ကြ၊ ကွင်းကြ ဟူသော စကားမှ ဆင်းသက်လာသည်။ ထိုအမည်ကို ခေတ်အဆက်ဆက် သယ်ဆောင်လာခဲ့ကြသည်။
ယခုလည်း ဒုတိယသင်္ဂါယနာဖြစ်ပေါ်လာခြင်း၏အကြောင်းရင်း ၀ဇ္ဇီနွယ်ဖွားရဟန်းများ၏ အဓမ္မ၀ါဒီ ဆယ်ချက်ကြောင့်ဖြစ်ပေသည်။ ဒုတိယသင်္ဂါယနာကို မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာနှစ် ၁၀၀ (ဘီစီ ၃၈၃)၊ တွင် ဝေသာလီပြည်၊ ၀ါလုကာရုံကျောင်းတော်ကြီး၌ အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိ၊ အရှင်မဟာယသ ဦးဆောင်သော ရဟန္တာမထေရ်ကြီးရှစ်ပါး၊ အာဂုံဆောင် ရဟန္တာ ၇၀၀ တို့က ၈ လ တိုင်တိုင် စုပေါင်းရွတ်ဆို သင်္ဂါယနာတင်ခဲ့ကြသည်။

အရှုပ်တော်ပုံအစ ဝေသာလီက

မြတ်စွာဘုရား သီတင်းသုံးသွားခဲ့သော ဝေသာလီရှိ ကုဋာဂါရကျောင်းတော်ကြီးတွင် ၀ဇ္ဇီပုတ္တက ရဟန်းတော်များ မင်းမူ၍နေကြသည်။ ထိုရဟန်းများသည် ၀ိနည်းနှင့်မလျော်ကန်သော ၁၀ ချက်ဖြင့် လက်ခံ ကျင့်သုံးနေထိုင်ကြသည်။ ကာကဏ္ဍက၏သားဖြစ်သော ရဟန္တာမထေရ် အရှင်ယသသည် သက်တော်ရှည် အရှင်မြတ်ကြီး သဗ္ဗကာမိမထေရ်ကို ဖူးမြှော်ရန်နှင့် မြတ်ဗုဒ္ဓသီတင်းသုံးတော်မူခဲ့သော ကုဋာဂါရကျောင်း တော်ကြီးကို ဖူးမြှော်ရန် မျှော်လင့်ချက်ဖြင့် ကောသမ္ဗီပြည်မှ ထွက်လာခဲ့၏။ အရှင်ယသသည် ၀ဇ္ဇီပုတ္တရဟန်းတို့၏ သတင်းကို ကောသမ္ဗီမှာကတည်းက ကြားသိပြီးသားဖြစ်သော်လည်း အဆုံးအဖြတ် မပြုနိုင်သေး။ တစ်ပါးတည်း ဝေသာလီသို့ ခရီးထွက်လာခဲ့သည်။ ၀ဇ္ဇီတိုင်းနိုင်ငံအတွင်းသို့ ရောက်လာသည် နှင့်တပြိုင်နက် ထိုသတင်းက အတည်ပြုလိုက်ရပေသည်။
ထိုနေ့က  ဥပုသ်နေ့ဖြစ်သဖြင့် ဝေသာလီမြို့သူမြို့သားများ ဥပုသ်စောင့်ရန် ကုဋာဂါရသို့ အဆက် မပြတ်ရောက်လာကြပြီး ကျောင်းနေ ရဟန်းများရှေ့တွင် အသပြာစေ့များထည့်သွားကြ၏။ ထိုရဟန်းများ သည် အာဂန္တုကြွလာသော်လည်း မရှက်ဘဲ ဒကာဒကာမများကို အသပြာလှူဒါန်းရန် တိုက်တွန်းနေသည်။ အရှင်ယသက မြင်သောအခါ ရဟန်းနှင့် အသပြာမအပ်စပ်ကြောင်း ပြောပြသော်လည်း လှူမြဲတိုင်းလှူ နေကြသည်။ ဥပုသ်သည်များပြန်သွားသော်အခါ အလှူခံဝေစုကို အရှင်ယသအားလည်း ပေး၏။ အရှင်ယသသည် လက်မခံခဲ့။ ၀ဇ္ဇီပုတ္တကရဟန်းများက အရှင်ယသသည် ဒကာ ဒကာမများ၏ သဒ္ဓါတရား နှင့် အကြည်ညိုကို ဖျက်ဆီးသည် ပဋိသာရဏီကံ ပြုကြစို့ ဟု ပြောကြသည်။
ပဋိသာရဏီယကံဟူသည် ဒကာ ဒကာမများအပေါ် ဆဲရေးခြင်း၊ သဒ္ဓါတရားပျက်အောင် ပြုလုပ် သောရဟန်းအား သံဃာထုက ပဋိသာရဏီယကမ္မ၀ါစာဖြင့် ရွတ်ဖတ်ခြင်းဖြစ်သည်။ ဒကာဒကာမများထံ တောင်းပန်ပါလျှင် သံဃာက ပြန်နုတ်သည်။ အရှင်ယသသည် အဖော်ရဟန်းနှင့် ဒကာ ဒကာမများထံ သွား၍ ရွေငွေသည် ရဟန်းတို့နှင့် မအပ်စပ်၊ ဘုရားပညတ်ထားသောအရာသာဖြစ်ကြောင်း အဖြစ်မှန် ပြောပြပြီး တောင်းပန် သည်။ ဒကာ ဒကာမများသည် အဖြစ်မှန်သိကြသောအခါ လှူဒါန်းမှုမပြုကြတော့ပေ။ ထိုအကြောင်းကို ၀ဇ္ဇီပုတ္တကရဟန်းများ သိသောအခါ အရှင်ယသကို သံဃာ့ဘောင်မှ နှင်ထုတ်ရန် ဥက္ခေပနီယကံပြုကြပြန်သည်။ သို့သော် အရှင်ယသသည် အဘိဥာဏ်တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်၍ ပါဝါမြို့နှင့် ဒက္ခိဏာပထရှိ ရဟန္တာခြောက်ကျိပ်ထံ သွားရောက်လျှောက်ထား၏။ ရဟန္တာမထေရ်ကြီးများ သည် ထိုအဓိကရုဏ်း ဆယ်ချက် ကိစ္စကို ဆွေးနွေးတိုင်ပင်ပြီး အကြားအမြင်ရှိသော ရဟန္တာမထေရ် အရှင်ရေ၀တထံ သွားရောက်လျှောက်ထား၏။ အရှင်ရေ၀တသည် စီစစ်သုံးသပ်ဆုံးဖြတ်ပြီးနောက် အဓမ္မ၀ါဒီအဖြစ်သတ်မှတ်တော်မူသည်။
ထိုသတင်းကို ၀ဇ္ဇီပုတ္တကရဟန်းများ ကြားသိသောအခါ ဥက္ခေပနီယကံမပြုလိုက်ရသည့်အပြင် ပိုမို ဒေါသထွက်ကြသည်။ သူတို့သည် အရှင်ရေ၀တထံ လက်ထိုးရန် ဒကာဒကာမထံမှ ရွှေငွေ အသပြာ၊ ပရိက္ခာများ တစ်မျိုးတဖုံဖြင့် အလှူခံကြ၏။ ထို့နောက် အရှင်ရေ၀တထံ လက်ဆောင်ပေးရန် ဂင်္ဂါဆိပ်ကမ်း သို့ သယ်သွားကြ၏။ လှေထိုးသမားကိုလည်း အဆမတန် အခကြေးငွေများပေး၍ အမြန်လှော်ခတ်စေ၏။ ပါဝါဆိပ်ကမ်းသို့ ရောက်သောအခါ အသင့်ယူလာသော ဆွမ်းများဘုဉ်းပေးကြ၏။ ထိုအခိုက် ရဟန္တာမထေရ် အရှင်သာဠသည် မြင်တော်မူ၍ အဓမ္မ၀ါဒီရဟန်းများဖြစ်သည်ကို သိတော်မူ၏။ ဗြဟ္မာကြီးသည်လည်း ထိုရဟန်းများသည် အဓမ္မ၀ါဒီရဟန်းများဖြစ်ကြောင်း အရှင်သာဠာအား လာလျှောက်၏။ ၀ဇ္ဇီပုတ္တကရဟန်း များသည် အရှင်သာဠနှင့် ဗြဟ္မာကြီးကို မမြင်ကြပေ။ ၀ဇ္ဇီပုတ္တကရဟန်းများသည် ဆွမ်းကိစ္စပြီးသည့်နောက် အရှင်ရေ၀တထံသွား၍ လက်ဆောင်ပဏ္ဏာများ ဆက်သကာ ဆွယ်၏။ မရသည့်အခါ အရှင်ဥတ္တရထံသွား၍ ဆွယ်ကြ၏။ ၀ိနည်းအရာ မကျွမ်းကျင်သေးသော အရှင်ဥတ္တရသည် ၀ဇ္ဇီပုတ္တကရဟန်းများ၏ အကြိမ်ကြိမ် တောင်းပန်ရာ မငြင်းသာသည့်အဆုံး ကူညီရန်လက်ခံလိုက်၏။ အရှင်ဥတ္တရသည် အရှင်ရေ၀တအား ၀င်ရောက်လျှောက်ထားရာ ရဟန္တာမထေရ်ကြီးက သင်သည် ငါ့ကို မမှန်မကန် ဆောင်ရွက်ရန်တိုက်တွန်း၏၊ ငါ့ထံ၌မနေနှင့် ထွက်သွားတော့ ဟု နှင်ထုတ်လိုက်၏။ အရှင်ဥတ္တရသည် ငိုယိုကာ ထွက်ခွါသွားလေသည်။ ၀ဇ္ဇီပုတ္တကရဟန်းများသည် အရှင်ရေ၀တနှင့် အရှင်ဥတ္တရတို့အား လက်ဆောင်ပေး၍ မအောင်မြင်သောအခါ ခေါင်းချင်းဆိုင် တိုင်ပင်ကြပြန်၏။

ဝဇ္ဇီပုတ္တကရဟန်းတို့၏နောက်ဆုံးပစ်မှတ်

နောက်ဆုံးတော့ ဝေသာလီဘုရင် ကာဠာသောကမင်းကြီးထံ ပစ်မှတ်ဖြစ် လာသည်။ သူတို့သည် ဘုရင်ထံ လက်ဆောင်ပဏ္ဏာများဆက်သ၍ “သာသနာ့ဒကာတော်မင်းကြီး ငါတို့သည် မြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့သော ကုဋာဂါရကျောင်းတိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက် ၍ နေခဲ့ကြ၏။ ယခုအခါ ကျောင်းတိုက်ကြီးကို အပိုင်စီးရန် တိုင်းတစ်ပါးရဟန်းတွေ စုဝေးပြီးလာကြ တော့မည်၊ သူတို့ မလာနိုင်အောင် မင်းကြီး တားမြစ်ပေးပါ”ဟု ပြောကြ၏။ သဒ္ဓါလွန်ပြီး ပညာနည်းသော မင်းကြီးသည် သူတို့စကားကို လက်ခံယုံကြည်ပြီး စစ်တပ်လွှတ်ကာ တားမြစ်ထား၏။
အရှင်ရေ၀တသည် အစည်းအဝေးရောက်ရှိလာသော မထေရ်ကြီးများကို “ အရှင်ဘုရားတို့၊ တပည့်တော်တို့သည် အဓိကရုဏ်းဖြေရှင်းဆုံးဖြတ်မယ်ဆိုရင် အဓိကရုဏ်းဖြစ်ရာဌာနသို့ သွားရောက်၍ ဖြေရှင်းဆုံးဖြတ်ကြပါစို့ဘုရား” ဟု လျှောက်၏။ မထေရ်ကြီးများသည် သဘောတူလက်ခံပြီး ဝေသာလီသို့ ကြွတော်မူကြ၏။
ဝဇ္ဇီပုတ္တကရဟန်းများသည် “တိုင်းတစ်ပါးသား ရဟန်းတွေ ဝေသာလီဘက် ကူးလာကြပြီ” ဟု သတင်းလွှင့်၏။ သို့သော် မထေရ်ကြီးများသည် နတ်တို့၏အာနုဘော်ကြောင့် လမ်းလွဲမှ ဝေသာလီသို့ ရောက်နှင့်နေပြီဖြစ်သည်။ ၀ဇ္ဇီပုတ္တကရဟန်းများသည် သာသနာ့တာဝန်အရ ကြွလာသော အာဂန္တုမထေရ် ကြီးများကို ခရီးကြိုဆို နေရာထိုင်ခင်းပေးပြီး ဝေယျာဝစ္စပြုကြ၏။ အလွန်များပြားလှသော သံဃာများသည် ကျောင်းတိုက်ကြီးတွင် မဆန့်၍ ဝေသာလီပတ်ဝန်းကျင်ကျောင်းများတွင် သွားရောက်တည်းခိုကြ၏။ ဦးဆောင်ရဟန္တာမထေရ်ကြီးများက ရဟန္တာမထေရ် အရှင်သဗ္ဗကာမိ၏ ကျောင်းတိုက်ကြီးတွင် သွားရောက် သီတင်းသုံးကြပြီး အဓိကရုဏ်းကိစ္စကို လျှောက်ထားကြ၏။ အရှင်ယသသည် ဝေသာလီရောက်ကာစ အရေးပေါ်ကိစ္စပေါ်လာသဖြင့် သက်တော်ရှည် သဗ္ဗကာမိမထေရ်ကြီးထံ မရောက်ခဲ့ရပေ၊ ယခုအခါမှ တွေ့ဆုံကြ၍ ကြိုဆိုနှုတ်ဆက်သည်။ မထေရ်ကြီးများသည် အဓိကရုဏ်းကြီးငြိမ်းရေးအတွက် တိုင်ပင် လျှောက်ထားရင်း ညဥ့်နက်လာပြီဖြစ်၍ အသီးသီး အိပ်ယာဝင်တော်မူကြသည်။ အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ မထေရ်ကြီးတို့သည် မကျိန်းစက်သေးဘဲ တစ်ပါးနှင့်တစ်ပါး အကဲခတ်ရင်း ဘာဝနာပွား၍ ငြိမ်သက်စွာ ထိုင်နေကြသည်။ နံနက်ရောက်သောအခါ တစ်ပါးနှင့်တစ်ပါး လေးလေးစားစား လျှောက်ထား ပြီး အရဟတ္တဖိုလ်သို့ဆိုက်ရောက်ပြီးကြောင်း သိတော်မူစေကြသည်။
နန်းတွင်၌လည်း အမှုတော်ထမ်းများသည် တာဝန်မကျေခဲ့ကြ၍ ဆူပူကြိမ်းမောင်ခြင်းကို ခံရသဖြင့် နေစရာမရှိအောင် တုန်လှုပ်နေကြ၏။ တစ်နေ့ မင်းကြီးသည် ကြောက်မက်ဖွယ် အိမ်မက်ဆိုးမက်လေသည်၊ အိမ်မက်ထဲ၌ ငရဲကျသည့်အဖြစ်ကို မြင်ယောင်ပြီး အိပ်မပျော်ဖြစ်ခဲ့ရသည်။ နံနက်လင်း၍ ညီလာခံကျင်းပ သောအခါ ကြောက်စရာ အိမ်မက်ဆိုးအကြောင်းကို ပုရောဟိတ်ကြီးများအား ပြောပြသည်။  သို့သော်လည်း မည်သူမျှ အဖြေမပေးနိုင်ခဲ့ကြပေ။ ထိုအကြောင်းကို သိမြင်တော်မူသည့် ရဟန္တာထေရီမနန္ဒာသည် ကောင်းကင်ခရီးမှ အကိုမင်းကြီးထံလာ၍ သတိပေး၏။
မင်းကြီး၊ သင်သည် မကောင်းမှုကို ပြုခဲ့မိပြီ၊ အကယ်၍သာ သင်စေလွှတ်သော စစ်တပ်ကြီးသည် တိုင်းတစ်ပါးမှကြွလာသော မထေရ်ကြီးများကို ပြစ်မှားမိလျှင် ငရဲသို့ကျရောက်ရတော့မည်။ သာသနာစောင့် နတ်များက စစ်တပ်ကြီးများကို လမ်းလွဲရောက်အောင် ပို့ဆောင်ပေးလိုက်ကြ၍သာ တော်ပေတော့သည်။
မင်းကြီးက ‘ကောင်းပါပြီအရှင်မဘုရား၊ ဤအဖြစ်ကလွတ်အောင် မည်သို့ လုပ်ဆောင်ရမည်နည်း ဘုရား’ လျှောက်၏။
သင်သည် ဓမ္မ၀ါဒီမထေရ်ကြီးများကို တောင်းပန်၍ ထိုမထေရ်ကြီးများကို တရားဥပဒေနှင့်အညီ စောင့်ရှောက်ပါလေ။ ထိုမထေရ်ကြီးများ လိုအပ်သောအမှုကိစ္စများကို ထောက်ပံ့မှုပြုကာ သာသနာ့ဒါယကာ အဖြစ်ခံယူပါလော့။ ကောင်းပါပြီအရှင်မဘုရား ဟု ဖြေပြီးနောက် နန်းတော်တစ်ခုလုံးတွင် သာဓုခေါ်သံများ ထွက်ပေါ်လာကြသည်။

ဒုတိယသင်္ဂါယနာစတင်ခြင်း

သံဃာတော်များ ဆွမ်းစားပြီးနောက် အဓိကရုဏ်းကြီး ဖြေရှင်းရန် ၀ါလုကာရုံကျောင်းတိုက်ကြီး၌ စည်းဝေးကြ၏၊ သင်္ဂါယနာတင်တော်မူရန်အတွက် သိန်းပေါင်းများစွာသော သံဃာထုမှ အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ စသော ဦးဆောင်မထေရ်ကြီးရှစ်ပါး အပါအ၀င် ၇၀၀ သော သံဃာတော်တို့ကို သံဃာထု၏ ဆန္ဒအတိုင်းရွေးချယ်ကြသည်။ သီးသန့်ရွေးချယ်တင်မြှောက်တော်မူကြသည့်အတွက် အချို့သော အရိယာ များသည်ပင် ထို သံဃာ ၇၀၀ ၌ ပါဝင်ခွင့်မရကြပေ။ ဤ၌ ဝေသာလီမြို့နေ ရဟန်းတော်များ၏ကိုယ်စား ပြောကြားရန် အရှင်သဗ္ဗကာမိ၊ အရှင်သာဠ၊ အရှင်ခုဇ္ဇသောဘိတနှင့် အရှင်ဝါသဘဂါမိတို့ကို ရွေးချယ်တော် မူ၏။ ပါဝါမြို့မှ ရောက်လာသော ရဟန်းများကိုယ်စားပြောကြားရန် အရှင်ရေ၀တ၊ အရှင်သမ္ဘုလ၊ အရှင်ယသ၊ အရှင်သုမနတို့ကို တာဝန်ပေး၏။ ထိုနောက် ပုစ္ဆကပလ္လင်ထက်၌ အရှင်ရေ၀တမထေရ်မြတ်ကြီး သည် သီတင်းသုံးတော်မူ၍ ၀ိသဇ္ဇကပလ္လင်ထက်၌ အရှင်သဗ္ဗကာမိမထေရ် မြတ်ကြီးသည် သီတင်းသုံး တော်မူ၏။ ကျန်မထေရ်ကြီးများသည် ၀ါတော်အလိုက် အသီးသီး သီတင်းသုံး တော်မူကြပြီးနောက် သင်္ဂါယနာတင်တော်မူကြသည်။ သင်္ဂါယနာကို ၈ လတိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ပစ္စယဒကာအဖြစ် ကာလာသောကမင်းကြီး ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

Submitted by - အရှင်ပညာသိရီ(SIBA000061)
Attachments
s.jpg
Submitted by - အရှင်ပညာသိရီ(SIBA000061)
You don't have permission to download attachments.
(140 Kb) Downloaded 0 times
Back to top Go down
 
ဒုတိယသင်္ဂါယနာဖြစ်ပေါ်လာသော ၀ဇ္ဇီပုတ္တကရဟန်းတော်များအရှုပ်တော်ပုံ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
 :: Ph.D(Thesis) :: M.A :: M.A 3rd Semester-
Jump to: