သီတဂူကျောင်းသားဖိုရမ်သည် ရပ်ဝေးမြေခြား သီတဂူကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)



 
HomeHome  GalleryGallery  FAQFAQ  PublicationsPublications  CalendarCalendar  SearchSearch  MemberlistMemberlist  UsergroupsUsergroups  RegisterRegister  Log inLog in  

Share | 
 

 ထေရ၀ါဒဗုဒ္ဓရဟန်းတော်များနှင့်လူမှုဆက်ဆံရေး

Go down 
AuthorMessage
sitagustudent



Posts : 6
Join date : 2018-07-27

PostSubject: ထေရ၀ါဒဗုဒ္ဓရဟန်းတော်များနှင့်လူမှုဆက်ဆံရေး   Wed Sep 19, 2018 7:28 am

ထေရာနံ ၀ါဒေါ ထေရ၀ါဒေါ၊ ထေရဟူသည် ပထမသင်္ဂါယနာတင်တော်မူခဲ့ကြသော အရှင်မဟာကဿအစရှိသော မထေရ်မြတ်တို့ကို ဆိုလိုပြီး ၀ါဒဟူသည် မြတ်ဗုဒ္ဓ၏ဒေသနာတော်များကို လက်ဆင့်ကမ်း သယ်ဆောင်တော်မူခဲ့ကြသော မထေရ်မြတ်တို့၏ အဆုံးအမ သြ၀ါဒကို ဆိုလိုသည်။ ထို့ကြောင့် ထေရ၀ါဒဟူသည် မထေရ်မြတ်တို့၏ သြ၀ါဒအဆုံးအမဖြစ်သည်။
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဘီစီ ၃၀၇ ခုနှစ် ဘုရင်အသောကခေတ်တွင် မဟာသံဃိကဂိုဏ်းမှ မဟာယာနနှင့် ထေရ၀ါဒ ဂိုဏ်း နှစ်ဂိုဏ်းပေါ်ထွက်လာခဲ့သည်။ ထေရ၀ါဒနိုင်ငံများက မြတ်ဗုဒ္ဓ၏ဒေသနာတော်ကို သက်ဝင်ယုံကြည်ကြသည်။ ထေရ၀ါဒမှာ ဘိက္ခူ၊ ဘိက္ခူနီ၊ သိက္ခာမာန်၊ သာမဏေ၊ သာမဏေရီ ဟူ၍ ငါးမျိုး ရှိခဲ့သော်လည်း မျက်မှောက်ခေတ် ဘိက္ခူ၊ ဘိက္ခူနီ၊ သာမဏေ အဖြစ်သာ ကျန်ရစ်သည်။ ဤငါးမျိုးတွင် ဘိက္ခူနီသည် အဋ္ဌဂရုဓမ္မရှစ်ပါးဖြင့် သာသနာဘောင်သို့ ၀င်ရောက်ရပြီး သိက္ခာမာန်က သာသနာဘောင်သို့ မ၀င်ရောက်မီ သိက္ခာမာန်လောင်းလျာအဖြစ် ၂ နှစ် နေထိုင်ရသည်။ သာမဏေက သူ့ကို သာမဏေပြုပေးဖို့အတွက် ဆရာတစ်ဦးရှိရသည်။ သူက ရှေးဦးစွာ သရဏဂုံ သုံးပါးနှင့် ၁၀ ပါးသီလ ယူရသည်။ သူ သာမဏေတစ်ပါးဖြစ်လာသည်။ သာမဏေတစ်ပါး အနေဖြင့် သူ၏ဥဇ္ဈာယ်ဆရာအဖြစ် တောင်းခံရသည်။ ရှင်သာမဏေဖြစ်ပြီးမှသာ ရဟန်းအဖြစ်သို့ ရနိုင် သည်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါက ဘိက္ခူ၊ ဘိက္ခူနီဖြစ်ကြပုံ ၇ မျိုးရှိခဲ့ကြသည်။
၁။ ပဉ္စ၀ဂ္ဂီငါးဦး၊ ယသနှင့် သူ၏အပေါင်းအသင်းများက မြတ်စွာဘုရား၏ ဧဟိဘိက္ခု ဟူသော မိန့်ခွန်းတော် ဖြင့် ရဟန်းဖြစ်ကြရသည်။
၂။ ရဟန်းများကိုယ်တိုင် တာဝန်ယူ ရဟန်းခံပေးရန် အာဏာလွှဲအပ်တော်မူသည့်အတိုင်း ရဟန်းလောင်း များက ဆရာရဟန်းထံတွင် သရဏံသုံးပါး လိုက်ဆိုခြင်းဖြင့် ရဟန်းဖြစ်လာကြရသည်။
၃။ “ကဿပ၊ သင်က အမျိုးဇာတ်မြင့်ပြီးမာနကြီးခဲ့သူဖြစ်တယ်၊ ထို့ကြောင့် ကြီးငယ် အရွယ်အလတ်ဖြစ် သော သီတင်းသုံးဖော်တို့၌ ပြင်းပြသော ရှက်ကြောက်ခြင်း ရှိစေရန် ကျင့်သုံးအပ်၏” ဟူသော မိန့်ခွန်းဖြင့် ရဟန်းဖြစ်ခွင့်ရခဲ့သူက အရှင်မဟာကဿပ တစ်ပါးတည်းသာဖြစ်သည်။
၎။ သောပါက၊ ဥဒ္ဓုမာတကသညာ ဟူ၍လည်းကောင်း၊ ရူပသညာဟူ၍လည်းကောင်း၊ ဤတရားနှစ်ပါးတို့ သည် သဒ္ဒါရောအနက်ပါ ထူးလေသလော၊ သို့မဟုတ် အနက်တူ၍ သဒ္ဒါမျှသာ ကွဲပြားပါသလော။ ဤသို့ သော မေးခွန်းတော်ကို ကျကျနနဖြေဆိုနိုင်သဖြင့် ၇ နှစ်အရွယ်သောပါကသာမဏေအား ဘုရားရှင်က ရဟန်းဘောင်သို့ တင်ပေးတော်မူခဲ့သည်။
၅။ မဟာပဇာပတိဂေါတမီသည် ဂရုဓံတရား ရှစ်ပါးကို လက်ခံခြင်းဖြင့် ရဟန်းဖြစ်ခွင့်ရခဲ့သူဖြစ်သည်။
၆။ ထေရီမလောင်းလျာများမှာ ရဟန်းများထံတွင် ဉတ်နှင့်ကမ္မ၀ါစာသုံးကြိမ်၊ ထေရီမများထံမှာ လေးကြိမ်၊ ပေါင်းရှစ်ကြိမ်တိုင်တိုင် ကမ္မ၀ါစာရွတ်ဖတ်ပေးမှ ရဟန်းဘောင်အဖြစ်သို့ ရောက်ခဲ့ကြရသည်။
၇။ ရဟန်းအများစုမှာတော့ ဉတ်တစ်ကြိမ်၊ ကမ္မ၀ါစာသုံးကြိမ် ရွတ်ဖတ်ခံကာ ရဟန်းဘောင်ရောက်လာကြ သည်။ (ကမ္မ၀ါစာရွတ်ဖတ်၍ ရဟန်းဖြစ်ခြင်းအစီအစဉ်ကို ပုဏ္ဏားအဘိုးအိုဘ၀မှ ရဟန်းပြုလာသော အရှင် ရာဓမှစ၍ အတည်ဖြစ်လာခဲ့သည်။)
ရဟန်းက ပါရာဇိကလေးပါးခေါ်တဲ့ ဂရုကာပတ္တိကို အထူးသဖြင့် ရှောင်ကြဉ်ရပြီး မြတ်စွာဘုရား ခွင့်ပြုတော်မူသော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို သုံးစွဲနိုင်သည်။ သုံးစွဲပုံနည်းလမ်း မှားရင် ဘုန်းကံကြီးသည့်ဘုန်းကြီးဖြစ်တာတောင်မှ အပြစ်ဖြစ်နိုင်ပါသည်။ သာသနာတော်မှာ သတိဖြင့် ထိန်းသိမ်းစောင့်စည်းကြရသော ရဟန်းတော်များအနေဖြင့် လူမှုဆက်ဆံရေးသည် သိပ်အရေးကြီးလှသည်။
ရဟန်းတော်များအနေဖြင့် လူပုဂ္ဂိုလ်များနှင့်စကားပြောရာတွင် အမျိုးသမီးများနှင့်စကားပြောနေရ ခြင်းက ပိုအပြစ်ဖြစ်စေသည်။ ထို့ကြောင့် အရှင်အာနန္ဒာက မြတ်စွာဘုရားအား “အရှင်ဘုရား၊ အမျိုးသမီးများနှင့်ပတ်သက်၍ တပည့်တော်တို့ မည်သို့ လိုက်နာကြရပါမည်နည်း” ဟု အမျိုးသမီးတွေနှင့် ပြောဆိုဆက်ဆံသည့်အခါ လူမှုရေးအရေးကြီးပုံကို မေးလျှောက်ခဲ့သည်။ မြတ်စွာဘုရားက အမျိုးသမီးတွေ ကို မကြည့်မရှုဘဲ နေရမည်ဟု မိန့်ကြားခဲ့သည်။ သို့သော် အချိန်တိုင်း မကြည့်ဘဲနေဖို့ ခက်လှပါသည်။ ဘုန်းကြီးကျောင်းလာလည်သော အမျိုးသမီးများကို မျက်နှာလွှဲ၍ရသော်လည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသောပစ္စည်းအတွက် မကြည့်ရှုဘဲနေ၍ကားမဖြစ်ပေ။ ထို့ကြောင့် အရှင်အာနန္ဒာက မြတ်စွာဘုရား ကို ထပ်လျှောက်တော်မူသောအခါ စကားမပြောဘဲနေဖို့ ပြန်မိန့်တော်မူသည်။ သို့သော် ဤနည်းကိုလည်း အစဉ်ကျင့်သုံး၍ မဖြစ်နိုင်သေးပါ၊ အမေးပုစ္ဆာလျှောက်ထားလိုသူ၊ ဆွမ်းကိစ္စလျှောက်ထား လိုသူ၊ ဆွမ်းကပ်နေ့ရက်များနှင့် တရားတောင်းဆိုသူများလည်း ရှိနေသည်။ ထို့ကြောင့် အာနန္ဒာက မြတ်စွာ ဘုရားကို ထပ်လျှောက်သောအခါ “ အာနန္ဒာ၊ အမိအရွယ်ကို အမိကဲ့သို့၊ နှမအရွယ်ကို နှမကဲ့သို့၊ သမီး အရွယ်ကို သမီးကဲ့သို့ သဘောထား၍ သတိကြီးစွာ ဆက်ဆံပြောဆိုကြရမည်ဟု မိန့်တော်မူသည်။
သာသနာတော်အတွက် ထောက်ပံ့နေသည့်အလှူရှင် ဒကာ ဒကာမ နှစ်ဦးလုံးက သာသနာတော် အတွက် အကျိုးကျေးဇူးများသောကြောင့် မရှိမဖြစ်လိုအပ်လှပေသည်။ သာသနာ့ဒကာကြီး ဘုရင်ကောသလ သူ့မိဖုရားနတ်ရွာစံပြီးနောက်ပိုင်း မြတ်စွာဘုရားထံရောက်တိုင်း မလ္လိက ဘယ်ဘုံဘ၀သို့ ရောက်နေပါသလဲဘုရား ဟု မေးလျှောက်ရန် ကြံပါသော်လည်းမေ့လျော့နေခဲ့သည်။ မြတ်စွာဘုရားက မလ္လကာရောက်ရှိနေသောဘုံဘ၀အဖြစ်မှန်ကို ပြောပြလိုက်လျှင် သဒ္ဓါတရားတွေ လျော့နည်းသွားနိုင်သည် ကိုသိတော်မူသည်။ ထို့ကြောင့် ၇ ရက်မြောက်ရောက်သောအခါမှသာ မလ္လိကာမိဖုရား တုသိတာနတ်ပြည် သို့ ရောက်နေကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုစကားတော်ကို ကြားရသောအခါ ကျေနပ်နှစ်သက်ခဲ့ သည်။ ဥပါသကာများက သာသနာတော်အတွက် ထောက်ပံ့လှူဒါန်းသူများဖြစ်သောကြောင့် ရဟန်းတော် များနှင့်ဥပါသကာအကြား လူမှုဆက်ဆံရေးက သိပ်အရေးကြီးလှသည်။ သာသနာတွင် ထောက်ပံ့လှူဒါန်း သူ ဒါယကာမရှိလျှင် သာသနာတော်ပျောက်ကွယ်သွားနိုင်သည်။ အလှူရှင်များအပေါ်မှီခိုနေကြရသော ကြောင့် သာသနာတော်အတွက် ရဟန်းတော်များမှာ ဥပါသကာများနှင့် လူမှုဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်ပါသည်။
တစ်ခါတုန်းက မြတ်စွာဘုရားက ၀နေသော ပသေနဒီကောသလမင်းကြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် လမ်းညွှန်ပေးတော်မူခဲ့သည်။ မြတ်စွာဘုရားက အိုမင်းကြီး၊ ဘာလုပ်လုပ် အရာအားလုံးကို သတိနဲ့လုပ် ဟု မိန့်တော်မူသည်။ ဘုရင်က “မြတ်စွာဘုရားရှင်သည် ပြုပြင်ရေးနှင့် သိမြင်ရေးဟူသော အကျိုးစီးပွားနှစ်ခုလုံးဖြင့် ချီးမြောက်တော်မူပါပေတယ်” ဟု အားရ၀မ်းသာ ကြွေးကြော်ခဲ့ပေသည်။ အို မြတ်စွာဘုရား၊ ဘုရားရှင်သည် လူများစွာတို့၏ အကျိုးစီးပွားတိုးပွားစေရန်ဆောင်ရွက်တော်မူ၏၊ လူများစွာ တို့ကို ကောင်းမှုကုသိုလ်ဖြင့် မွေ့လျော်စွာတည်နေကြရန် ဟောကြားတော်မူ၏၊ ဤသို့သော အကျိုးကျေးဇူး များကို တပည့်တော်ကိုယ်တိုင် တွေ့မြင်ရ၍ ဤမျှလောက် ထူးထူးကဲကဲ ရိုသေလေးစားမှု ပြုရပါသည်ဘုရား၊ ချစ်ခင်မြတ်နိုးမှု ပြုရပါသည် ဘုရား ဟု ကောသလမင်းကြီးက အားပါးတရ လျှောက်ထားလိုက်၏။ ပုဂ္ဂိုလ်မင်၍ တရားမြင်သောကြောင့် ရဟန်းနှင့်ဥပါသကာတို့အကြား ချစ်ခင်ရင်းနှီးမှုက သာသနာတော် အတွက် တိုးတက်ဖို့ဖြစ်သည်။ သာသနာတော်မှာ များသောအားဖြင့် မိမိတို့ရင်းနှီးခင်မင်ကျွမ်းဝင်သော ရှင် ရဟန်းများကိုသာ ကိုးကွယ်ဆည်းကပ်မှုရှိကြသည်။ ဥပရိပဏ္ဏာသ၊ မဇ္ဈိမနိကာယ်၊ နန္ဒကောဝါဒသုတ်ကို ကြည့်လျှင် ဘိက္ခူနီအားလုံးက အရှင်နန္ဒဟောသော တရားတော်ကိုသာ နားလည်လက်ခံကြပြီး အခြား ရဟန်းတော်များ၏ တရားတော်ကို မသိနိုင်ကြကုန်။ ဤနည်းကိုကြည့်လျှင် ဘိက္ခူနီ ငါးရာလုံး ကိလေသာမှ လွတ်ကင်းပြီး အရဟတ္တဖိုလ်ဆိုက်ရောက်ခဲ့ကြသည်။
ဒီဃနိကာယ်၊ ပါထိက၀ဂ္ဂ၊ သိင်္ဂါလောဝါဒသုတ်မှာ မြတ်စွာဘုရားက ဒါယကာ ဒါယိကာများ၏ ကျင့်ဝတ်ငါးပါးနှင့် ရဟန်းသံဃာများ၏ ကျင့်ဝတ်ခြောက်ပါးကို ညွှန်ကြားပြသတော်မူထားသည်။
၁။ မေတ္တာယှဉ်သော ကာယကံဖြင့် ဆက်ဆံခြင်း၊
၂။ မေတ္တာယှဉ်သော ၀စီကံဖြင့် ဆက်ဆံခြင်း၊
၃။ မေတ္တာယှဉ်သော မနောကံဖြင့် ဆက်ဆံခြင်း၊
၎။ လိုအပ်သမျှ အလှူခံကြရန် ဖိတ်ကြားထားခြင်း၊
၅။ လိုအပ်သမျှ လှူဒါန်းခြင်း။

ရဟန်းသံဃာတော်များ၏ ကျင့်ဝတ်ခြောက်ပါးက -
၁။ မကောင်းမှုကို တားမြစ်ခြင်း၊
၂။ ကောင်းမှုပြုရန် တိုက်တွန်းခြင်း၊
၃။ သနာကြင်နာစိတ်စေတနာထားခြင်း၊
၎။ မကြားဖူးသော တရားထူးများဟောခြင်း၊
၅။ ကြားဖူးသောတရားကို အနက်အဓိပ္ပါယ်ကျေညက်အောင် ဟောကြားခြင်း၊
၆။ နတ်ပြည်ရောက်ကြောင်း နည်းလမ်းကောင်းများ ဟောကြားခြင်း၊
ရဟန်းသံဃာများနှင့် ဒါယကာ၊ ဒါယိကာတို့၏ ဆက်ဆံရေးအတွက် သိင်္ဂါလသူဋ္ဌေးသားအား ဟောကြား တော်မူခဲ့သော ကျင့်ဝတ်များဖြစ်၏။ အဓိကဦးတည်ချက်မှာ ဒီဘ၀ခန္ဓာဖြင့် သံသရာမှလွတ်မြောက်ဖို့ အတွက်ဖြစ်သည်။ ဒီဘ၀မှ သေလွန်ပြီးနောက် နတ်ပြည်၊ သုဂတိရောက်ရှိရေးမှာ အဓိကမဟုတ်ပါ၊ သို့သော် အချို့ဒါယကာဒါယိကာမများသည် တရားဘက်တွင် ဥာဏ်သက်ဝင်နိုင်စွမ်းမရှိကြပါ၊ ဤဒါယကာ ဒါယိကာမများအတွက် နတ်ပြည်ရောက်ကြောင်း ကောင်းမှုကလေးများဖြင့်နှစ်သိမ့်မှုပေးထားကြရပေသည်။ အဓိကချုံးလိုက်သော် ဒါယကာ ဒါယိကာမများက တတ်အားသမျှ လှူဒါန်းကြ၍ ရဟန်းသံဃာတော်များက တရားပြသဆုံးမကြရန်ဟူ၍ ဖြစ်လာသည်။ ရဟန်းများက မသင့်လျော်သောအမှုများ ပြုလုပ်ကြရာတွင် ဒါယကာ ဒါယိကာမများက သောသောညံမျှ ကဲ့ရဲ့ရှုတ်ချကြ၏၊ ဤသို့သော အပြုအမှုမျိုးကို တားဆီးရန် သိက္ခာပုဒ်များ တိုးလာကြရပေတော့သည်။ ဤသို့အားဖြင့် ဒါယကာ ဒါယိကာမများသည် သာသနာတော်ကို စောင့်ရှောက်ကြ၏။ ရဟန်းတော်များ၏ ပြဿနာအခက်အခဲက ရဟန်းများနှင့်ဥပါသကာတို့အကြား ချစ်ခင် ရင်းနှီးအနေဖြင့် ဥပါသကာတို့အပေါ် အပြစ်ရစေသည်။
သာသနာတော်၏ပြစ်ဒဏ်ပေးခံရသော လိစ္ဆ၀ီအမျိုးသား ၀ုဍ္ဍအကြောင်းကို ကြည့်စေချင်သည်၊ သူသည် သာသနာတော်ကြီးတစ်ခုလုံးကို ကြည်ညိုလေးစားသော ဒါယကာတစ်ယောက်ဖြစ်သော်လည်း အရှင်မေတ္တိယ၊ အရှင်ဘူမဇကတို့နှင့် အကျွမ်းတ၀င်ဖြစ်ခဲ့သည်။ အရှင်မေတ္တိယတို့ မလိုတမာဖြစ်ခဲ့ရသူက တကယ်တော့ ဒဗ္ဗမလ္လပုတ္တအမည်ရှိသော ရဟန္တာမထေရ်ဖြစ်ပြီး ခုနှစ်နှစ်သားအရွယ်ကပင် ရဟန်းဝတ်ကာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့သူဖြစ်သည်။ ထိုစဉ်က ရဟန်းဝတ်ခွင့်အတွက် အသက်နှစ်ဆယ်ပြည့်ရမည် ဟု ပညတ်တော်မထုတ်ရသေးပေ။ သို့ဖြစ်၍ အရှင်ဒဗ္ဗသည် သံဃာတော်များ၏ အမှုကိစ္စများကို ဆောင်ရွက်ပေးရသည်။ သံဃာတော်များ၏ အိပ်ယာနေရာကို ခင်းပေးကာ ပင့်လျှောက်လာသော ဆွမ်းစား ကိစ္စများကိုလည်း ထေရ်စဉ်ဝါလိုက် စာရင်းအရာ အလှည့်ကျထည့်ပေးရသည်။ ဤကိစ္စသည် အရှင်မေတ္တိယတို့အတွက်မှာတော့ မကျေနပ်စရာဖြစ်နေ၏၊ သူတို့မှာ ရဟန်းသိက္ခာလည်း အငယ်ဆုံးဖြစ် ကြပြီး အရည်အချင်းကလည်း မရှိကြ။ သို့ဖြစ်၍ ထေစဉ်ဝါလိုက် စာရင်းချလိုက်သောအခါတိုင်း အညံ့ဆုံး သော အိပ်ယာနေရာတို့သည် သူတို့အဖို့ဖြစ်နေကြသည်။ အညံ့ဆုံးသော ဆွမ်းခဲဖွယ်တို့သည် သူတို့ဝေစု ဖြစ်နေကြ၏။ ထို့ကြောင့် အရှင်ဒဗ္ဗကို အမြဲတစ်စေ မကျေမနပ်ဖြစ်နေကြသည်။ သူတို့နှင့်အကျွမ်းတ၀င် ရှိသူက ၀ုဍ္ဍဖြစ်သည်။ ၀ုဍ္ဍသည်လည်း ဆရာရဟန်းနှစ်ပါး၏ ခိုင်းစေမှုဖြင့် အရှင်ဒဗ္ဗအား သူ၏မယားဖြင့် စွပ်စွဲပြောဆိုသည်။ ထိုအကြောင်းကို မြတ်ဗုဒ္ဓသိရှိသော်လည်း သံဃာ့အလယ်တွင် မေးမြန်းစစ်ဆေးပေး တော်မူခဲ့သည်။ ထို့နောက် အရှင်ဒဗ္ဗကို မဟုတ်မမှန်စွပ်စွဲသော ဥပါသကာဝုဍ္ဍအား ပတ္တနိကုဇ္ဇနကံဖြင့် အပြစ်ပေးခဲ့လေသည်။ ဤ၀တ္ထုကို ထောက်ဆသောအားဖြင့် ရဟန်းသံဃာများသည် ဒါယကာ ဒါယိကာမများထဲက စော်ကားမော်ကားပြုသူများကိုသာ ဤကံဖြင့် တားမြစ်ရ၏။ သို့ရာတွင် မိမိအလိုမကျ မှုဖြင့် မိမိနှင့် အယူအဆမတူရုံမျှဖြင့် ဘုရားရှင့်အာဏာတော်ကြီးကို အသုံးပြုခွင့် မရှိပါချေ။
ရဟန်းသံဃာတော်များကို ထိပါးနှောင့်ယှက်လာသော ဒါယကာဒါယိကာမများကို ရဟန်းတို့ဘက် က သပိတ်မှောက်ကံဆောင်နိုင်သကဲ့သို့ ဒါယကာ ဒါယိကာမများဘက်ကလည်း ရဟန်းများကို ကံပြုခွင့်ရှိ ပေသည်။ ထိုကံကား အပ္ပသာဒပဝေဒနိယကံဖြစ်၏။ ပြစ်မှားမိသော ဒါယကာက ၀န်ချတောင်းပန်လျှင် ရဟန်းများက သပိတ်လှန်ပေးရ၏၊ သပိတ်မှောက်ကံကို သပိတ်လှန်ကံဖြင့် ပယ်ဖျက်ပေးရ၏၊

ဆက်ရန်ရှိသေးသည်….
Back to top Go down
 
ထေရ၀ါဒဗုဒ္ဓရဟန်းတော်များနှင့်လူမှုဆက်ဆံရေး
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
 :: Ph.D(Thesis) :: M.A :: M.A 1st Semester-
Jump to: