စူဠကမ္မ၀ိဘင်္ဂကသုတ်
မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတွင် သီတင်းသုံးတော်မူစဉ် တောဒေယျပုဏ္ဏားကြီး၏သား သုဘလုလင်သည် ဘုရားထံလာရောက်ပြီး လူတို့၌ုယုတ်ညံ့သူ မြင့်မြတ်သူ၊ အသက်တိုသူ အသက်ရှည်သူ
အနာရောဂါများသူ အနာရောဂါနည်းသူ၊ အဆင်းမလှသူ အဆင်းလှသူ ၊အခြံအရံနည်းသူ အခြံအရံများသူ၊ စည်းစိမ်ဥစ္စာနည်းသူ စည်းစိမ်ဥစ္စာများသူ၊ အမျိုးယုတ်သူ အမျိုးမြတ်သူ၊ ပညာမဲ့သူ ပညာရှိသူ ဟူ၍ ကွဲပြား ကြတာ ဘာကြောင့်လဲဘုရား ဟု လျှောက်၏။ မြတ်စွာဘုရား ဤသို့ မိန့်ကြားတော်မူလေသည်။
“လုလင်၊ သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာ၊ ကံသာလျှင် အမွေခံ၊ ကံသာလျှင် အကြောင်းအရင်း၊ ကံသာလျှင် ဆွေမျိုး၊ ကံသာလျှင် မှီခိုရာရှိကြ၏၊ သတ္တ၀ါတို့ ယုတ်ညံ့မှု၊ မြင့်မြတ်မှုအတွက် ကံက ဝေဖန်ပိုင်းခြား၏။”
လုလင်၊ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ သူ့အသက်သတ်၏၊ ကြင်နာမှုမရှိ၊ ထိုသူသေလျှင် အပါယ်ငရဲကျ၏၊ လူ့ဖြစ်ခဲ့သော် အသက်တို၏၊ ရှောင်ကြဉ်သောသူအား သုဂတိသို့ရောက်၏၊ လူဖြစ်ခဲ့သော် အသက်ရှည်၏၊
သတ္တ၀ါတို့ကို ညှဉ်းဆဲသူသည် အနာရောဂါများ၏၊ မညှဉ်းဆဲသူသည် အနာရောဂါနည်းပါး၏၊
အမျက်ဒေါသကြီးသူသည် ရုပ်အဆင်းမလှ၊ ဒေါသကင်းသူသည် ရုပ်အဆင်းလှပတင့်တယ်၏။
မနာလိုဝန်တိုခြင်းရှိသူသည် အခြံအရံနည်း၏၊ မနာလိုဝန်တိုခြင်းကင်းသူသည် အခြံအရံပေါ၏။
လှူဒါန်းခြင်းမရှိသူသည် စည်းစိမ်ဥစ္စာနည်းပါ၏၊ လှူဒါန်းခြင်းရှိသူသည် စည်းစိမ်ဥစ္စာပေါများ၏။
ရိုသေထိုက်သူကို မရိုသေသူသည် အမျိုးယုတ်၏၊ ရိုသေမြတ်နိုးသူသည် အမျိုးမြတ်၌ဖြစ်ရ၏။
တရားဓမ္မများ မမေးမြန်းမစုံစမ်းသူသည် ပညာမဲ့၏၊ မေးမြန်းစုံစမ်းလေ့ရှိသူသည် ပညာရှိ၏။
လုလင် အသက်တိုစေသော အကျင့်သည် အသက်တို့၏၊ အသက်ရှည်စေသော အကျင့်သည် အသက်ရှည်စေ၏၊ အနာရောဂါ များခြင်း၊ နည်းခြင်း စသည် အကျင့်သည် အနာရောဂါများခြင်း၊ နည်းခြင်း အဖြစ်သို့ ရောက်စေ၏၊
ထို့ကြောင့် သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာ၊ ကံသာလျှင် အမွေခံ၊ ကံသာလျှင် အကြောင်း အရင်း၊ ကံသာလျှင် ဆွေမျိုး၊ ကံသာလျှင် မှီခိုရာရှိကြ၏၊ သတ္တ၀ါတို့ ယုတ်ညံ့မှု၊ မြင့်မြတ်မှုအတွက် ကံက ဝေဖန်ပိုင်းခြား၏။
မဟာကမ္မ၀ိဘင်္ဂကသုတ်အနှစ်ချုပ်
၁။ မကောင်းမှုပြု၍ သေသောအခါ အပါယ်ငရဲသို့ကျ၏၊
၂။ မကောင်းမှုပြုသော်လည်း သေသောအခါ နတ်ပြည်သို့ ရောက်ရ၏၊
၃။ မကောင်းမှုရှောင်ကြဉ်၍ သေသောအခါ နတ်ပြည်သို့ရောက်ရ၏၊
၎။ မကောင်းမှုရှောင်ကြဉ်သော်လည်း အပါယ်ငရဲသို့ ကျရောက်ရ၏။
မြတ်စွာဘုရားရှင်မိန့်ကြားတော်မူပုံ
မကောင်းမှုနှင့် မကောင်းမှုအကျိုးသည် ရှိ၏၊ ဟုဆိုခြင်းကို ခွင့်ပြု၏၊
မကောင်းမှုပြုလုပ်၍ အပါယ်ငရဲသို့ ကျ၏ ဟု ဆိုခြင်းကို ခွင့်ပြု၏။
မကောင်းမှုပြုသူတိုင်း သေသောအခါ အပါယ်ငရဲသို့ကျ၏၊ ဟုဆိုခြင်းကို ခွင့်မပြု
ကိုယ့်အယူအဆသာမှန်၏၊ သူတစ်ပါးအယူအဆမှား၏ ဟု ဆိုခြင်းကို ခွင့်မပြု၊
မကောင်းမှုနှင့် မကောင်းမှုအကျိုးသည် မရှိ၊ ဟုဆိုခြင်းကို ခွင့်မပြု၊
မကောင်းမှုပြုလုပ်သော်လည်း နတ်ပြည်သို့ ရောက်ရ၏ ဟု ဆိုခြင်းကို ခွင့်ပြု၏။
မကောင်းမှုပြုသူတိုင်း နတ်ပြည်သို့ ရောက်ရ၏၊ ဟုဆိုခြင်းကို ခွင့်မပြု
ကိုယ့်အယူအဆသာမှန်၏၊ သူတစ်ပါးအယူအဆမှား၏ ဟု ဆိုခြင်းကို ခွင့်မပြု၊
ကောင်းမှုနှင့် ကောင်းမှုအကျိုးသည် ရှိ၏၊ ဟုဆိုခြင်းကို ခွင့်ပြု၏၊
မကောင်းမှုကိုရှောင်ကြဉ်၍ သေသောအခါ နတ်ပြည်ရောက်ရ၏ ဟု ဆိုခြင်းကို ခွင့်ပြု၏။
မကောင်းမှုရှောင်ကြဉ်သူတိုင်း နတ်ပြည်ရောက်ရ၏၊ ဟုဆိုခြင်းကို ခွင့်မပြု။
ကိုယ့်အယူအဆသာမှန်၏၊ သူတစ်ပါးအယူအဆမှား၏ ဟု ဆိုခြင်းကို ခွင့်မပြု၊
ကောင်းမှုနှင့် ကောင်းမှုအကျိုးသည် မရှိ၊ ဟုဆိုခြင်းကို ခွင့်မပြု၊
မကောင်းမှုကိုရှောင်ကြဉ်သော်လည်း အပါယ်ငရဲကျရ၏ ဟု ဆိုခြင်းကို ခွင့်ပြု၏။
မကောင်းမှုပြုသူတိုင်း အပါယ်ငရဲကျရ၏၊ ဟုဆိုခြင်းကို ခွင့်မပြု
ကိုယ့်အယူအဆသာမှန်၏၊ သူတစ်ပါးအယူအဆမှား၏ ဟု ဆိုခြင်းကို ခွင့်မပြု၊
ထိုသူသည် ရှေးအခါက ပြုလုပ်ခဲ့သည်မူလည်း ဖြစ်ရာ၏၊ နောက်မှ ပြုလုပ်ခဲ့သည်မူလည်းဖြစ်ရာ၏၊ သေခါနီးကာလ၌ အယူစွဲ၍သော်လည်း ဖြစ်ရာ၏၊ ပြုလုပ်ခဲ့သော ကံအကျိုးတိုင်း မျက်မှောက်ဘ၀ဖြစ်စေ၊ ဒုတိယဘ၀ဖြစ်စေ၊ ထိုထိုဘ၀တစ်ပါး၌ဖြစ်စေ ခံစားရ၏။ ဤသို့ အကြောင်းမှားလျက် အကြောင်းမှားကို ပြသောကလည်းရှိ၏။ အကြောင်းမှားလျက် အကြောင်းမှန်ကို ပြသောကံလည်းရှိ၏၊ အကြောင်းမှန်လျက် အကြောင်းမှန်ကို ပြသောကံလည်းရှိ၏၊ အကြောင်းမှန်လျက် အကြောင်းမှားကို ပြသောကံလည်းရှိ၏။ ဟု ဤသို့ ဗုဒ္ဓမြတ်စွာသည် အရှင်အာနန္ဒာမထေရ်မြတ်အား မိန့်ကြားတော်မူလေသည်။